< ဆာလံ 84 >

1 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊ 2 ထာဝရဘုရား၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။ 3 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ် စင်စစ်ယဇ်ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။ 4 အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။ 5 ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ၏။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။ 6 သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။ 7 သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော်၌ မျက်နှာပြကြပါ၏။ 8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်၏ပဌနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ နားထောင်တော်မူပါ။ 9 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိတ်ခံသောသူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။ 10 ၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။ 11 ၁၁ ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ 12 ၁၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသော သူသည် မင်္ဂလာရှိပါ၏။

< ဆာလံ 84 >