< လုကာ 6 >
1 ၁ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောင်ကြွတော်မူလျှင်၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်စားကြ၏။
၁ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။-
2 ၂ ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကိုသင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆို ကြသော်၊
၂ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
3 ၃ ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ၊
၃သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-
4 ၄ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား၍၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော။
၄သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။-
5 ၅ ထိုမှတပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
၅လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
6 ၆ အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင်၍ဆုံးမဩဝါဒ ပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူ တယောက်ရှိ၏။
၆အခြားသောဥပုသ်နေ့တစ်နေ့၌သခင်ယေရှု သည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင် တော်မူ၏။ တရားဇရပ်ထဲတွင်ညာလက်သေသူ တစ်ယောက်ရှိ၏။-
7 ၇ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုစရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ချောင်းကြည့်ကြ၏။
၇ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
8 ၈ ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ် တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။
၈ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
9 ၉ ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်တနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင်၊
၉ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
10 ၁၀ ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
၁၀ကိုယ်တော်သည်ထိုသူအပေါင်းတို့ကိုလှည့်ကြည့် တော်မူပြီးလျှင် လက်သေသူအား ``သင့်လက်ကို ဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိဖြစ် လေ၏။
11 ၁၁ ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ၏။
၁၁ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
12 ၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ၏။
၁၂ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
13 ၁၃ မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊
၁၃မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
14 ၁၄ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊
၁၄ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊-
15 ၁၅ မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊
၁၅မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်၊ မျိုး ချစ်စိတ်ထက်သန်သူရှိမုန်၊-
16 ၁၆ ယာကုပ်၏ ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။
၁၆ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
17 ၁၇ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရား နာခြင်းငှါ၎င်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်။ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြ သော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။
၁၇ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။-
18 ၁၈ ညစ်ညူးသော နတ်ညှင်းဆဲသောသူတို့သည်လည်း လာ၍ချမ်းသာရကြ၏။
၁၈ထိုသူတို့သည်ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့်မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန်လာရောက်ကြခြင်းဖြစ်၏။ ညစ်ညမ်းသောနတ်ညှဉ်းဆဲခြင်းခံရသူများ လည်းလာ၍အနာရောဂါပျောက်ကင်းသွား၏။-
19 ၁၉ ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သောစေတော်မူသည်ဖြစ်၍၊ ပရိတ်သတ် အပေါင်း တို့သည် ကိုယ်တော်ကိုတို့ခြင်းငှါ ရှာကြံကြ၏။
၁၉ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
20 ၂၀ ထိုအခါ ကိုယ်တော်သည်မြော်၍ တပည့်တော်ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် အင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
၂၀သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
21 ၂၁ ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြ လတံ့။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊
၂၁``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
22 ၂၂ ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
၂၂``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
23 ၂၃ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။
၂၃ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
24 ၂၄ တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်မူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။
၂၄``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
25 ၂၅ ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့။ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်း တွားငိုကြွေးရကြလတံ့။
၂၅``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
26 ၂၆ လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။
၂၆``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။
27 ၂၇ ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။
၂၇``သို့ရာတွင်ငါ၏တရားကိုကြားနာကြသူတို့၊ သင်တို့အားငါဆိုသည်ကားရန်သူကိုချစ်ကြ လော့။ သင်တို့ကိုမုန်းသူအားကျေးဇူးပြုကြ လော့။-
28 ၂၈ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့။
၂၈ကျိန်ဆဲသူအားမေတ္တာပို့ကြလော့။ စော်ကား သူအတွက်ဆုတောင်းပတ္ထနာပြုကြလော့။-
29 ၂၉ သင်၏ ပါးတဘက်ကို ပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
၂၉သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
30 ၃၀ အကြင်သူသည် သင့်ကိုတောင်း၏။ ထိုသူအားပေးလော့။ သင့်ဥစ္စာကို သိမ်းယူသောသူအားပြန်၍ မ တောင်းနှင့်။
၃၀သင့်ထံတွင်တောင်းခံလာသူတိုင်းအားပေး လော့။ သင့်ဥစ္စာပစ္စည်းများကိုယူသောသူထံမှ ပြန်၍မတောင်းနှင့်။-
31 ၃၁ သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။
၃၁ကိုယ်ကိုပြုစေလိုသည်အတိုင်းသူတစ်ပါး တို့အားပြုကြလော့။
32 ၃၂ သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။
၃၂``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
33 ၃၃ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။
၃၃သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။-
34 ၃၄ သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့်မည်ဟု မြော်လင့်လျက် ချေးငှါးလျှင် အဘယ် ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ် သည် မဟုတ်လော။
၃၄ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။-
35 ၃၅ သင်တို့မူကား ရန်သူတို့ကိုချစ်ကြသလော။ ကျေးဇူးပြုကြလော့။ တစုံတခုကိုရမည်ဟု မြော်လင့်ခြင်း မရှိဘဲ ချေးငှါးကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံသောဘုရား၏ သားဖြစ်ကြလိမ့် မည်။
၃၅သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
36 ၃၆ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသော သူတို့အားကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြ လော့။
၃၆သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
37 ၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည်။ သူအပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။
၃၇``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
38 ၃၈ သူတပါးအားပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
၃၈သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
39 ၃၉ ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။
၃၉ထိုနောက်ကိုယ်တော်သည်ထိုသူတို့အားပုံဥပမာ ဆောင်၍ ``မျက်မမြင်သည်အခြားမျက်မမြင် ကိုလမ်းပြနိုင်သလော။ ထိုသူနှစ်ဦးလုံးပင် တွင်းထဲသို့လိမ့်ကျမည်မဟုတ်လော။-
40 ၄၀ တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
၄၀တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
41 ၄၁ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို အအောက်မမေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။
၄၁``သင်တို့သည်အဘယ်ကြောင့်ကိုယ့်မျက်စိ၌ရှိ သောသစ်တုံးကြီးကိုမမြင်ဘဲ ညီအစ်ကို မျက်စိ၌ရှိသောငြောင့်ငယ်ကိုမြင်သနည်း။-
42 ၄၂ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအားဆိုရသနည်း။ လျှိုဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေ့ဦး စွာထုတ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။
၄၂အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
43 ၄၃ မကောင်းသောအသီးကိုသီးသော အပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင်မဟုတ်။
၄၃``အပင်ကောင်းသည်အသီးညံ့ကိုမသီးနိုင်။ ညံ့သောအပင်သည်အသီးကောင်းကိုမသီးနိုင်။-
44 ၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ်။
၄၄အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။-
45 ၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နလုံး အဏ္ဍာတိုက်ထဲကကောင်းသောအရာကို ထုတ် ဘော်တတ်၏။ မကောင်းသောသူသည် မကောင်းသောအရာကိုထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွတ်တတ်၏။
၄၅ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
46 ၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။
၄၆``သင်တို့သည်ငါ့စကားကိုနားမထောင်ဘဲ အဘယ်ကြောင့်ငါ့ကို `သခင်၊ သခင်' ဟုခေါ် ကြသနည်း။-
47 ၄၇ ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့် တူသနည်း ဟူမူကား၊
၄၇ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။-
48 ၄၈ တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။
၄၈ထိုသူသည်မြေကိုနက်စွာတူးပြီးမှကျောက်ပေါ် တွင်အုတ်မြစ်ချ၍အိမ်ကိုတည်ဆောက်သူနှင့်တူ ၏။ ရေကြီးသောအခါမြစ်ရေလျှံ၍ထိုအိမ်ကို တိုက်ခတ်လေ၏။ သို့သော်ရေအဟုန်သည်အိမ်ကို မလှုပ်ရှားစေနိုင်။ အဘယ်ကြောင့်ဆိုသော်ထိုအိမ် ကိုခိုင်ခန့်စွာတည်ဆောက်ထားသောကြောင့်ဖြစ်၏။-
49 ၄၉ ငါ့စကားကိုကြား၍ နားထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏။
၄၉သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။