< ဝတ်ပြုရာ 3 >

1 နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။ 2 ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။ 3 အအူကို ဖုံးသောဆီဥ၊ - 4 အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊ 5 အာရုန်၏ သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။ 6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည်။ 7 သိုးသငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊ 8 ပူဇော်သော သိုး၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။ 9 အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ၊ - 10 ၁၀ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊- 11 ၁၁ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ 12 ၁၂ ဆိတ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊- 13 ၁၃ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ 14 ၁၄ အအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊- 15 ၁၅ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သက္ကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊- 16 ၁၆ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။ 17 ၁၇ သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 3 >