< ဟေရှာယ 10 >

1 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ငါ​၏​လူ​မျိုး တော်​အား​နှိပ်​စက်​ညှင်း​ဆဲ​ရန်​မ​တ​ရား​သည့် ဥ​ပ​ဒေ​များ​ကို​ထုတ်​ကြ​၏။-
ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊
2 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-
ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
3 သင်​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြု ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​သင်​တို့​အား ရပ်​ဝေး​ဒေ​သ​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့ ကြုံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​တို့​အ​ဘယ် သို့​ပြု​ကြ​ပါ​မည်​နည်း။ အ​ကူ​အ​ညီ​တောင်း ခံ​ရန်​အ​ဘယ်​သူ​ထံ​သို့​ပြေး​ကြ​ပါ​မည်​နည်း။ မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​အ​ဘယ်​မှာ သို​ဝှက်​ထား​ကြ​ပါ​မည်​နည်း။-
ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း။
4 သင်​တို့​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ရကြ​လိမ့် မည်။ သို့​မ​ဟုတ်​လျှင်​လည်း​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဆွဲ​သွား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ သို့​နှင့် လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက် တော်​ကို​ချိန်​ရွယ်​လျက်​ပင်​ထား​တော်​မူ လိမ့်​မည်။
ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။
5 ထာ​ဝ​ရ​ဘု​ရား​က``အို အာ​ရှု​ရိ​အ​မျိုး​သား တို့၊ ငါ​အ​မျက်​ထွက်​သော​သူ​တို့​အား​အာ​ရှု​ရိ အ​မျိုး​သား​တို့​ကို​တင်း​ပုတ်​အ​ဖြစ်​ဖြင့်​ငါ အ​သုံး​ပြု​မည်။-
အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။
6 ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။
အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။
7 သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကြမ်း​ဖက် လို​သ​ဖြင့် မိ​မိ​ကိုယ်​ပိုင်​အ​ကြံ​အ​စည်​များ ကို​ပြု​လုပ်​ထား​လေ​သည်။ သူ​သည်​တိုင်း​နိုင်​ငံ အ​မြောက်​အ​မြား​ကို​ဖျက်​ဆီး​ပစ်​ရန်​သန္နိ ဋ္ဌာန်​ချ​ကာ၊-
သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။
8 ``ငါ​၏​တပ်​မှူး​မှန်​သ​မျှ​တို့​သည်​ဘု​ရင် များ​ဖြစ်​ကြ​ပါ​သည်​တ​ကား။-
သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။
9 ကာ​လ​နော​မြို့​နှင့်​ခါ​ခေ​မိတ်​မြို့၊ ဟာ​မတ်​မြို့ နှင့်​အာ​ပဒ်​မြို့၊ ရှ​မာ​ရိ​မြို့​နှင့်​ဒ​မာ​သက်​မြို့ တို့​ကို​ငါ​နှိမ်​နင်း​ခဲ့​၏။-
ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
10 ၁၀ ရုပ်​တု​ကိုး​ကွယ်​သည့်​တိုင်း​ပြည်​များ​ကို​အ​ပြစ် ဒဏ်​ပေး​ရန် ငါ​သွား​ရောက်​ခဲ့​၏။ ထို​တိုင်း​ပြည် တွင် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဒ​မာ​သက်​မြို့​များ မှာ​ထက် ရုပ်​တု​ဆင်း​တု​ပေါ​များ​သည်​သာ တည်း။-
၁၀ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊
11 ၁၁ ရှမာရိ​မြို့​ကို​ရုပ်​တု​ဆင်း​တု​များ​နှင့်​တ​ကွ ငါ သုတ်​သင်​ဖျက်​ဆီး​ပြီး​လေ​ပြီ။ ယေ​ရု​ရှ​လင် မြို့​နှင့်​ထို​မြို့​သား​တို့​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​ကို​လည်း ထို​နည်း​တူ​ငါ​ပြု​မည်'' ဟု​ဝါ​ကြွား​၏။
၁၁ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။
12 ၁၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။
၁၂သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
13 ၁၃ အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-
၁၃ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။
14 ၁၄ ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။
၁၄ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊
15 ၁၅ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
၁၅ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။
16 ၁၆ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု အ​ခါ​ဝ​လင်​စွာ​စား​ရ​ကြ​သူ​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် အ​နာ​ရော​ဂါ​ကပ်​ရောက်​စေ​တော် မူ​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွင်း​ပိုင်း သည်​မီး​ကဲ့​သို့​အ​ဆက်​မ​ပြတ်​ပူ​လောင်​၍ နေ​လိမ့်​မည်။-
၁၆ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
17 ၁၇ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​လင်း​ဖြစ် တော်​မူ​၍ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ဆူး​ပင်​အ​မျိုး​မျိုး​ပါ​မ​ကျန် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တစ်​နေ့​ချင်း​၌ ကျွမ်း​လောင်​စေ​တတ်​သော​မီး​ကဲ့​သို့​ဖြစ် လိမ့်​မည်။-
၁၇ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
18 ၁၈ သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​ကြောင့်​လူ သည်​ဆုံး​ပါး​ပျက်​စီး​သွား​ရ​သည်​နည်း​တူ စိမ်း​လန်း​စို​ပြေ​သော​သစ်​တော​များ​နှင့်​လယ် ယာ​များ​သည်​လုံး​ဝ​ပျက်​ပြုန်း​၍​သွား​ရ ကြ​လိမ့်​မည်။-
၁၈တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်။
19 ၁၉ သစ်​ပင်​များ​အ​နည်း​ငယ်​မျှ​သာ​ကျန်​ရှိ တော့​မည်​ဖြစ်​၍ ယင်း​တို့​ကို​က​လေး​သူ​ငယ် ပင်​လျှင်​ရေ​တွက်​၍​ကြည့်​နိုင်​လိမ့်​မည်။
၁၉ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
20 ၂၀ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-
၂၀ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
21 ၂၁ ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
၂၁ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။
22 ၂၂ ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-
၂၂အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။
23 ၂၃ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း တစ်​ပြည်​လုံး​ကို အ​မှန်​ပင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ လိမ့်​မည်။
၂၃ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။
24 ၂၄ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန် မြို့​တွင်​နေ​ထိုင်​ကြ​သူ မိ​မိ​တို့​၏​လူ​မျိုး​တော် အား``အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​နည်း​တူ သင်​တို့​အား​ဖိ​နှိပ် ကြ​သော်​လည်း သင်​တို့​သည်​သူ​တို့​ကို​မ ကြောက်​ကြ​နှင့်။-
၂၄ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။
25 ၂၅ သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ပြီး​နောက် မ​ကြာ​မီ​ပင်​ငါ​သည်​သူ​တို့​အား​သုတ် သင်​ပယ်​ရှင်း​မည်။-
၂၅သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊
26 ၂၆ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘုရား​သည် သြ​ရ​ဘ​ကျောက်​အ​နီး​တွင် မိ​ဒျန်​အ​မျိုး​သား တို့​အား​ငါ​၏​နှင်​တံ​နှင့်​ရိုက်​ဆုံး​မ​ခဲ့​သည် နည်း​တူ​သူ​တို့​ကို​လည်း​ရိုက်​ဆုံး​မ​မည်။ ငါ သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ​တို့​ကို လည်း​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​မည်။-
၂၆ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။
27 ၂၇ ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၂၇ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။
28 ၂၈ ရန်​သူ​များ​သည်​အာ​ရပ်​မြို့​သို့​ရောက်​ရှိ​နေ ကြ​၏။ သူ​တို့​သည်​မိ​ဂ​ရုန်​မြို့​ကို​ဖြတ်​သန်း ၍​လာ​ခဲ့​ကြ​၏။ မိ​မိ​တို့​၏​စား​နပ်​ရိက္ခာ​များ ကို​မိတ်​မတ်​မြို့​တွင်​ထား​ခဲ့​ကြ​လေ​သည်။-
၂၈အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
29 ၂၉ သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-
၂၉တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။
30 ၃၀ အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-
၃၀အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
31 ၃၁ မာ​ဒ​မေ​န​မြို့​သူ​မြို့​သား​နှင့်​ဂေ​ဗိမ်​မြို့​သူ မြို့​သား​တို့​သည် မိ​မိ​တို့​အ​သက်​ဘေး​မှ လွတ်​မြောက်​ရန်​ထွက်​ပြေး​ကြ​လေ​ပြီ။-
၃၁မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ၏။
32 ၃၂ ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။
၃၂နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။
33 ၃၃ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သစ် ပင်​မှ​ခုတ်​ဖြတ်​ချ​လိုက်​သည့်​သစ်​ကိုင်း​များ သ​ဖွယ် သူ​တို့​အား​ပြို​လဲ​ပျက်​စီး​စေ​တော်​မူ လိမ့်​မည်။ သူ​တို့​တွင်​မာန်​မာ​န​ထောင်​လွှား​ဆုံး၊ အ​ကြီး​မြတ်​ဆုံး​သော​သူ​တို့​ကို​ခုတ်​လှဲ ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
၃၃ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34 ၃၄ တော​နက်​အ​တွင်း​မှ​သစ်​ပင်​တို့​သည်​ပု​ဆိန် ဒဏ်​ဖြင့်​လဲ​ကျ​ရ​သ​ကဲ့​သို့၊ လေ​ဗ​နုန်​တော မှ​အ​ဖိုး​အ​တန်​ဆုံး​သော​သစ်​ပင်​များ​လဲ ကျ​ကြ​သ​ကဲ့​သို့​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​သည်​ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။
၃၄တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။

< ဟေရှာယ 10 >